အသက်နဲ့ရင်းပြီးရှေ့ထွက်နေရတဲ့ ဆေးဝန်ထမ်းနဲ့ပရဟိတသမားတွေကိုငဲ့ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုက်တဲ့ ဝေဠုကျော်

Posted on

ပရဟိတမင်းသားကြီးဝေဠုကျော်ကတော့ Covid-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေ စတင်ကတည်းက အားကြိုးမာန်တက်ပါဝင်ခဲ့သူပါ။ အိမ်ကိုတောင်မပြန်တော့ဘဲ အများနည်းတူဒို့လည်းကူ အဖွဲ့ကိုဖွဲ့စည်းကာ ပိုးသတ်ဆေးဖျန်းခြင်း သံသယရှိလူနာတွေကို သယ်ယူပို့ဆောင်ခြင်း စတာတွေမှာ ဦးဆောင်ပါဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူလူနာ(၉၄) ယောက်အထိရှိလာပြီဖြစ်ပြီး အဲ့ဒီလူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ သံသယရှိလူနာတွေလည်း များလာပြီဖြစ်ပါတယ်။ ဝေဠုကျော်တို့ကတော့ သံသယလူနာတွေကို ထပ်ပြီးမပြန့်ပွားခင် အလျင်အမြန်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ နေရာတွေကို ပို့ဆောင်ပေးရတာဖြစ်ပြီး ဒီနေ့မှာတော့ ပင်ပန်းနေတဲ့အဖွဲ့သားတွေကိုကြည့်ကာ မေတ္တာရပ်ခံခဲ့ပါတယ်။ “အရင်နေ့တွေလိုပဲ သံသယလူနာသယ်ဆောင် နေ့ညမရွေး သတင်းရတာနဲ့ အလျှင်အမြန်သွားခေါ် ပို့နေရတာမို့ အဖွဲ့ရှေ့တန်းကကလေးတွေလဲ အရမ်းပင်ပန်းကြတယ်။နွေနေကပူ ရသည့်ကြား PPE ကလုံတော့
ချွေးတွေကထွက် ကပ်ရောဂါကို တိုက်ထုတ်ဖို့အသက်နဲ့ရင်း အရမ်းပင်ပန်းခံနေကြရတဲ့ ဆေးဝန်ထမ်းတွေ
ပရဟိတသမားတွေ ကို စာနာသောအားဖြင့် ကပ်ရောဂါပိုး ပျံ့ပွါးမှုလမ်းကြောင်းကို အမြန်ဖြတ်တောက်နိုင်ဖို့ ပြည်သူတွေမလိုအပ်ပါပဲ အပြင်မထွက်ကြပါနဲ့။အိမ်မှာပဲ နေကြပါနော်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

အခုချိန်မှာတော့ ရောဂါကိုထိန်းချုပ်နိုင်တဲ့အနေအထားမရှိသေးတဲ့အပြင် ရောဂါပိုးဖြစ်ပွားသူဆက်တိုက်တွေ့ရှိနေရတာကြောင့် ဆေးဝန်ထမ်းနဲ့ ပရဟိတသမားတွေကို သနားသောအားဖြင့် ပြည်သူတွေမလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ဝေဠုကျော်ကတော့ မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။


source – Wai Lu Kyaw Foundation
Ki Ki – Cele Zone