ကပ်ရောဂါဆိုးကြီးကြောင့် ပရိသတ်တွေနဲ့ချစ်ရသူတွေကို လွမ်းနေရကြောင်းရေးဖွဲ့ထားတဲ့ နီနီခင်ဇော်ရဲ့သီချင်း

Posted on

ပရိသတ်အချစ်တော် နီနီခင်ဇော်ကတော့ အခုလိုကပ်ရောဂါဆိုးကြီးကြောင့် လူတွေစိုးရိမ်ပူပန်နေရချိန်မှာ သူ့ရဲ့ခံစားချက်တွေကို သီချင်းရေးဖွဲ့ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ မိမိအိမ်မှာသာနေပြီး အရေးကြီးကိစ္စရှိမှသာအိမ်အပြင်ထွက်ကြတာပါ။ လူစုလူဝေးတွေလည်း လုံးဝမရှိဘဲ အရင်ကစည်းကားခဲ့တဲ့နေရာတိုင်းကတိတ်ဆိတ်ခြောက်ကပ်လို့နေတာပါ။


နီနီခင်ဇော်ကတော့ သူခံစားရသမျှတွေကို သီချင်းရေးဖွဲ့ထားတဲ့အကြောင်းကို “ဒီရက်ပိုင်းမှာတွေးမိတာက ဘယ်နေ့များမှ ဒါတွေ အဆုံးသတ်မလဲ …….သူငယ်ချင်းတွေကို အရမ်း သတိရပါတယ်။ ပွဲတွေရှေ့မှာရှေ့ဆုံးနေရာယူပြီး လိုက်ဆိုကကြတဲ့ Fans တွေကို အရမ်းးးလွမ်းတယ်။သူတို့တွေနဲ့ ဘယ်တော့မှပြန်တွေ့ရပါ့မလဲ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျင်းရိချိန်မရှိအလုပ်လုပ်ရတဲ့ နေ့ရက်တွေကို ညည်းညူခဲ့ဖူးတယ်။ ပင်ပန်းလိုက်တာ နားချင်လိုက်တာလို့လည်းပြောခဲ့ဖူးတယ်။ အဲ့လိုအချိန်တွေကို ရွှေနဲ့ပေးဝယ်တောင်မရနိုင်တော့ဘူး…အားလုံး အရင်ကလိုပျော်ရွင်စွာပြန်တွေ့နိုင်မယ့်တနေ့ကြ ချစ်တဲ့သူတွေကို သံသယကင်းစွာဖက်ထားချင်တယ်။ အရင်ကလိုပြန်နေရရင် စိတ်ပိုင်းဆိုင်ရာတွေပါပြင်ဆင်ပြီး အသက်ရှင်ရတဲ့နေ့ရက်တွေ ချစ်ရတဲ့သူတွေကို တန်ဖိုးပိုထားလာနိုင်မယ်လို့မျှော်လင့်တယ်။


အခု အချိန်က ကိုယ်ချစ်တဲ့သူတွေ ဂရုစိုက်တဲ့သူတွေကို ချစ်ကြောင်းပြောရမယ့် အားပေးရမယ့် အချိန်ပါ။ ဘဝမှာ Ninians တွေကိုလွမ်းလို့ မငိုခဲ့ဖူးဘူးးးး (အမှန်ပါ) အခုတော့ ငိုခဲ့ဖူးပြီ။ အဲ့လိုခံစားပြီး ဒီသီချင်းလေးဖန်တီးဖြစ်ပါတယ် စာသားတွေလည်း ပါဝင်စေဖို့ Ninians အချို့ကို Video Call နဲ့ရေးဖြစ်ပါတယ်။အားလုံးနဲ့ပြန်တွေ့ချင်ပါတယ်။ စိတ်တင်းပြီး အိမ်မှာပဲနေပေးပါ။ တနေ့ ငါတို့တွေပြန်ဆုံနိုင်မယ့် …”တနေ့” ဒီနေ့..ညနေ ၅နာရီ….” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။ နီနီခင်ဇော်ကတော့ သူ့ရဲ့ခံစားချက်တွေအပြင် ပရိသတ်တွေရဲ့ခံစားချက်တွေပါထည့်သွင်း ရေးဖွဲ့ထားတဲ့ဒီသီချင်းကို ညနေ(၅) နာရီမှာ ထွက်ရှိမှာပါ။ နီနီရဲ့ခံစားချက်တွေနဲ့ထပ်တူကျမဲ့သူတွေ များမယ်ထင်ပါရဲ့နော်…
Source : NiNiKhinZaw
Anna – CeleZone