လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်ခဲ့တဲ့ Surprise အလှူလေးနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းပြခဲ့တဲ့နေဒွေး

Posted on

မနေ့ညကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ Surprise လုပ်ပြီးစည်ပင်သာယာဝန်ထမ်းတွေကို လှူခဲ့တဲ့ဗွီဒီယိုကတော့ အင်မတန်ပွဲဆူခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်မင်းသားနေဒွေးက အဖွဲ့အစည်းတစ်ခုနဲ့အတူ ပူးပေါင်းပြီး စည်ပင်သာယာဝန်ထမ်းအိမ်တွေကို သွားရောက်လှူဒါန်းခဲ့ရာမှာတော့ မလိုအပ်ဘဲ အောက်ခြေလူတန်းစားတွေကို ကြောက်ရွံ့မှုဖြစ်အောင်လုပ်ခဲ့တာကြောင့် ကြည့်ရှုသူအကုန်လုံး ဒေါသဖြစ်ခဲ့ရပါတယ်။

နေဒွေးကတော့ လတ်တလောဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့မိသားစုတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းနေသူပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေကြောင့် အထင်မြင်လွဲမှားစရာတွေဖြစ်လာခဲ့တဲ့အတွက် ပရိသတ်တွေကို ဒီနေ့မှာ Fb Live လွှင့်ပြီး ပြန်လည်ရှင်းပြခဲ့ပါတယ်။ သူကတော့ ဒီအဖွဲ့အစည်းကို အဲ့လိုမလုပ်ဖို့ပြောခဲ့ပေမယ့်လည်း အဖွဲ့အစည်းက သွားရောက်လှူဒါန်းမယ့် စည်ပင်အိမ်ရာကဝန်ထမ်းတွေက လာလှူမယ်ဆိုတာသိရှိပြီးဖြစ်တာမို့ စိုးရိမ်စရာမလိုကြောင်းပြောကြားခဲ့တာမို့ အခုလိုလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒါကလည်း သူဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်ဘဲ သူကသွားရောက်ပူးပေါင်းကာ ကူညီပေးရုံသာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒီနေ့ညနေမှာလည်း ထပ်မံပြီးတော့ သွားရောက်လှူဒါန်းဦးမှာဖြစ်ပြီး အခုလိုစိတ်အနှောင့်အယှက်ဖြစ်စရာတွေ လုံးဝထပ်လုပ်တော့မှာမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကို အလေးအနက်ထားပြီးရှင်းပြတောင်းပန်ခဲ့တဲ့ နေဒွေးရဲ့ Live လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။


Source – Nay Dway
Ki Ki – Cele Zone