တစ်နေကုန်နီးပါး အားကြိုးမာန်တက်ဆေးသုတ်ပြီး ပိုလှသွားတဲ့အိမ်လေးကို ချပြလိုက်တဲ့ ငွေဇင်လှိုင်း

Posted on

ငွေဇင်လှိုင်းကတော့ မြန်မာအိုင်ဒေါ Season-3 ကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူပါ။ တမူးသူလေးဖြစ်ပေမယ့် ရန်ကုန်မှာနေထိုင်ပြီး အနုပညာအလုပ်တွေလုပ်ရင်းနဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေလည်း ဆက်တိုက်ဆိုသလို သွားရောက်နေရသူဖြစ်ပါတယ်။ သူကတော့ မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံးတေးစီးရီးအဖြစ် သီချင်းသည် ဆိုတဲ့အခွေလေးကို ထွက်ရှိခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အနုပညာရှင်တွေကိုယ်တိုင်လည်း အိမ်ပြင်မထွက်ဖြစ်ကြတော့ဘဲ အိမ်မှာနေချိန်ပိုရနေတယ်လို့ ဆိုရမှာပါ။ ငွေဇင်လှိုင်းကိုယ်တိုင်လည်း သူ့ရဲ့ကိုယ်ပိုင်တိုက်ခန်းလေးကို ပြင်လည်ပြင်ဆင်ဖြစ်ရင်း အိမ်လေးနဲ့ပတ်သက်တဲ့အမှတ်တရတွေကို မျှဝေခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်များဆီက အထုတ်ဆွဲပြီး အိမ်ကမျက်ရည်စက်လက်နဲ့ ထွက်လာခဲ့တာကို သတိတောင်ရသွားမိပါရဲ့ …. ဘာပဲဖြစ်ဖြစ် ကြိတ်မှိတ်သည်းခံပြီး တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးခဲ့ရတာတွေ…..ညကြီးမိုးချုပ် (၈)လွှာကြီးမှာသီချင်းဆိုပီးအပြန် သော့မရှိတဲ့ တံခါးကိုလော့ချထားခဲ့တော့ ဝရံတာမှာ ငုတ်တုတ်ထိုင်ပီး
ငိုခဲ့ရတာတွေ….. ပြောမယ်ဆိုရင် ကုန်မယ်မထင် … တိုက်ခန်းလေးပိုင်ဆိုင်ချင်တယ်ဆိုတာထက် နေရာအတည်တကျလေးဖြစ်ချင်တာ… ကိုယ့်အခန်း ကိုယ့်နေရာ သန့်သန့်ရှင်းရှင်း နဲ့ နေချင်တာ……. ကိုယ့်စိတ်ကြိုက်လေးတွေ အလှဆင်ပီးနေချင်တာ.. နောက်ဆုံးတော့ ဇွဲဆုအနေနဲ့ ရသွားခဲ့တယ်….. လွန်ခဲ့တဲ့ (၃) နှစ်က တိုက်ခန်းလေးတစ်ခန်းပိုင်ဆိုင်ခဲ့တယ်… ဒါပေမဲ့ အလျင်အမြန်ကြီး ပြောင်းရရွှေ့ရတော့ နေဖို့အဆင်ပြေရုံသာ ပြင်ပြီးနေခဲ့တာ ဒီနေ့ထိ

ခုတော့ အိမ်မှာနေရတာ ကြာတော့ အိမ်အသစ်လိုမျိုး အလှဆင်ချင်သွားတယ်… လက်ဆောင်လေးတွေလည်း နေရာချထားချင်တယ်… မိသားစုပုံလေးတွေ အမှတ်တရလေးတွေ ချိတ်ထားချင်တယ် ဒါကြောင့် ဒီနေ့စပီး ဆေးသုတ်တယ် မနက် (၉) နာရီထဲက စလိုက်တာ ည (၈) နာရီမှပြီးတယ်….တစ်ကိုယ်လုံးနာကျင်နေပေမဲ့
အားလုံးပြီးရင် ဒီထက်လှမှာ သိနေတော့” ဆိုပြီး ပြောင်းလဲသွားတဲ့သူ့အိမ်လေးရဲ့ ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ ငွေဇင်လှိုင်းကတော့ တစ်ယောက်တည်းကြိုးစားရုန်းကန်ရှာဖွေရင်း ရလာတဲ့အိမ်လေးကိုတော့ အခုလိုအချိန်ရှိတုန်းလေးမှာ ပြင်ဆင်ပြီး ဝမ်းသာပီတိဖြစ်နေတာပါ။ တစ်နေကုန်အောင် တစ်ယောက်တည်းဆေးသုတ်ထားတဲ့ ငွေဇင်လှိုင်းရဲ့ဆေးသုတ်လက်ရာလေးနဲ့ပိုလှလာတဲ့အိမ်လေးကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။


Source – Ngwe Zin Hline
Ki KI – Cele Zone