ဂေဟာအတွက် ဝယ်စုထားတဲ့ ပစ္စည်းများထဲမှ အနှေးယာဉ်မောင်းနှင်သူ အယောက် (၃၀)စာအတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

အနုပညာလောကမှာအောင်မြင်မှုတွေအပြည့်အဝသိမ်းပိုက်ထားတဲ့အပြင် ပရဟိတအလုပ်တွေနဲ့လည်း အများပြည်သူချစ်ခင်လေးစားမှုတွေကို အများဆုံးရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။

ခိုင်နှင်းဝေကတော့ လတ်တလောအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ကာ အလှူလေးတွေနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်။အခုလည်း ဂေဟာအတွက် ဝယ်စုထားတဲ့ ပစ္စည်းများနဲ့ အလှူရှင်များ လာရောက်လှူဒါန်းပေးထားတဲ့ ပစ္စည်းများထဲကနေ အနှေးယာဉ်မောင်းနှင်းသူ အယောက်(၃၀) စာအား ဝေငှ လှူဒါန်းပေးခဲ့တာကို​တွေ့ရပါတယ်။

သူရဲ့အလှူလေးနဲ့ပတ်သက်ပြီးလည်း ” ဆိုက်ကား အစီး (၃၀) အား ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်၊အာလူး၊ငါးခြောက်၊ဂေါ်ဖီထုပ်၊အားဆေး တို့ကို ဝေမျှ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ဂေဟာ အတွက် ဝယ်စုထားတဲ့ ပစ္စည်းများနှင့် အလှူရှင်များ လာရောက်လှူဒါန်းထားသော ပစ္စည်များအား ရှိသလောက် ထုတ်၍ ပြန်လည်လှူဒါန်းပေးသွားပါမည်..ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင်…”ခုလိုရေးသားဝေမျှထားပါသေးတယ်။

Yuan – Cele Zone

Photo – Khine Hnin Wai