သင်္ကြန်အကြိုနေ့မှာ လှိုင်သာယာရှိ အဆောင်နေထိုင်သူ ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

 (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေရာညပါ နေထိုင်နေကြရတာပါ။ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

ခုလို အချိန်တွေမှာ လက်လုပ်လက်စားပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရသလို အပစ်အခတ်တွေနဲ့ရင်ဆိုင်နေရတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေဟာ အိုးအိမ်တွေကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒီလို အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို အနုပညာရှင်တွေ ပရဟိတအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။အခုလည်း ခန့်စည်သူက သင်္ကြန်အကြိုနေ့မှာ လှိုင်သာယာရှိ အဆောင်နေထိုင်သူ ပြည်သူများအတွက် မိတ်ဆွေများနဲ့ စုပေါင်းကာ လိုအပ်တဲ့ အစားအသောက်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” လှိုင်သာယာမြို့နယ်(၃)ရပ်ကွက်အတွင်းရှိ အဆောင်များတွင် စုပေါင်း ငှားရမ်းနေထိုင်ကြရသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန်၊ဆပ်ပြာ၊Maggi စွယ်စုံသုံးဟင်းခတ်မှုန့်၊MILOထုပ်၊အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဝေငှလှူဒါန်းခဲ့ပါတယ်။ ခက်ခဲရှားပါးနေတဲ့ အချိန်မှာ အားတက်သရော ပါဝင်လှူဒါန်းပေးကြသူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဆိုတဲ့ စာလေးကိုရေးသားဝေမျှထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Kyaw Soe Win